ကင်ဆာမဟုတ်တဲ့ သားအိမ်အသားလုံး
ဗိုက်အောက်ပိုင်းဆီးခုံနားမှာ ကိုယ်ဝန်ရှိသလိုမျိုး ဗိုက်ပူလာလို့ အလုံးပေါ်လာလို့ လန့်နေလား? သားအိမ်အသားလုံးများဖြစ်နေနိုင်သလား?
သားအိမ်ဟာ ဆီးခုံရိုးနောက်မှာရှိနေတဲ့ မီးသီးပုံသဏ္ဍာန်ရှိ ကြွက်သားထူထူ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သားအိမ်နံရံနဲ့ ကြွက်သားထူထူတွေဟာ “မ”ဟော်မုန်းတွေရဲ့ ခိုင်းစေမှုကို နာခံအလုပ်လုပ်ကြပါတယ်။ လစဥ်လည်း မျိုးပွားနိုင်ရန်အတွက် သန္ဓေသားကုပ်တွယ်နိုင်စေဖို့ နံရံတွေကို အသင့်ပြင်ဆင်ထားလိုက်၊ ကွာကျလိုက်ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်နေခြင်းကြောင့် အမျိုးသမီးတွေမှာ လစဥ်ရာသီစက်ဝန်းနဲ့ သွေးဆင်းနေခြင်းဖြစ်ပါတယ်။
သားအိမ်အသားလုံးကတော့ သားအိမ်အတွင်းနံရံအောက်အလွှာနဲ့ ကြွက်သားထူထူကနေ ပွားလာ၊ ကြီးလာပြီး ကင်ဆာမဟုတ်တဲ့ အသားလုံးဖြစ်လာတာပါ။ သားအိမ်အတွင်းမှာ အသားလုံးတစ်လုံးကနေ အများကြီး ဖြစ်နိုင်သလို အရွယ်အစားကလည်း မျက်စေ့နဲ့မမြင်နိုင်လောက်တဲ့အရွယ်ကနေ နေ့စေ့လစေ့ ကိုယ်ဝန်အရွယ်အစားလောက်အထိ ဖြစ်နိုင်ပါတယ်။ သားအိမ်အသားလုံးဖြစ်နေရင် တစ်ခါတစ်လေ ရောဂါလက္ခဏာ မပြတာလည်းရှိတတ်ပါတယ်။ သွေးဆင်းများပြီး သွေးအားနည်းလာတဲ့အခါ ပင်ပမ်းနွမ်းနယ်ခြင်း၊ အမောမခံနိုင်ခြင်းများ ဖြစ်လာတော့မှသာ သတိထားမိသူတွေလည်း ရှိပါတယ်။
ဘာကြောင့် သားအိမ်ထဲ အလုံးဖြစ်ရသလဲ?
အမျိုးသမီးတွေမှာ လစဥ်သားအိမ်အတွင်းပြောင်းလဲခြင်းစက်ဝန်းကို ဖြစ်နေစေတဲ့ “မ”ဟော်မုန်းဓာတ်ဓာတ်များ မညီမျှခြင်းနဲ့ သားအိမ်တွင်းကြွက်သားမူမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များသလဲ?
အသက် ၃၅ နှစ်နှင့် ၅၅ နှစ်ကြားခန့် မျိုးဆက်ပွားနိုင်တဲ့အရွယ် လူမျိုးမရွေး အမျိုးသမီးအားလုံးမှာ ဖြစ်နိုင်ပါတယ်။ မိခင်နဲ့ ညီအစ်မအရင်းတွေမှာ သားအိမ်အသားလုံးရောဂါရှိသူ၊ အဝလွန်သူ၊ ဘီယာအပါအဝင် အရက်သောက်သုံးသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ဘာလက္ခဏာတွေပြတတ်သလဲ?
- ရာသီသွေးဆင်း အလွန်များခြင်း
- ရာသီတစ်ကြိမ်နှင့်တစ်ကြိမ်ကြား သွေးဆင်းခြင်း၊ သွေးတစ်စက်စက်ကျခြင်း
- ရာသီလာရက် တစ်ကြိမ်လျှင် တစ်ပတ်ထက်ကျော်လွန်ခြင်း
- ဆီးစပ်နှင့် တင်ပါးခွက်ထဲတွင် ဆုပ်ဆွဲထားသလို ကိုက်ခဲနာကျင်ခြင်း
- အသားလုံးကြီးလာတဲ့အလျောက် သားအိမ်ပါလိုက်ကြီးလာတဲ့အတွက် ကိုယ်ဝန်ရှိသလိုမျိုး ဗိုက်အောက်ပိုင်းနဲ့ ဆီးစပ် ပူဖောင်းခြင်း
- မကြာခဏ ဆီးသွားနေရခြင်း
- ဆီးမအောင့်နိုင်ခြင်း
- ဆီးမကုန်ခြင်း
- ဝမ်းချုပ်ခြင်း
- ကျောအောက်ပိုင်းနှင့် ခြေထောက်များ နာကျင်ခြင်း
- သွေးအားနည်းလာခြင်းကြောင့် အမောမခံနိုင် ပင်ပမ်းနွမ်းနယ်နေတတ်ခြင်း တွေဖြစ်တတ်ပါတယ်။
တစ်ခါတစ်လေ ဘာရောဂါလက္ခဏာမှမပြဘဲ တခြားရောဂါတစ်ခုခုကို စစ်ဆေးရင်းနဲ့မှ မတော်တဆ တွေ့မိတာတွေလည်းရှိပါတယ်။
ကိုယ်ဝန်ဆောင်နှင့် သားအိမ်အသားလုံး
အသားလုံးကြောင့် ကလေးမရနိုင်ခြင်းလည်း ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်တွေမှာ သားအိမ်အသားလုံးဖြစ်ရင် အသားလုံးရှိတဲ့နေရာပေါ်မူတည်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ အချင်းကွာခြင်း၊ သန္ဓေသားကြီးထွားမှုထိခိုက်ခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်းများ ဖြစ်တတ်ပါတယ်။သားအိမ်အသားလုံးရှိနေရင် ဘယ်လိုလုပ်ရမလဲ?
ဝမ်းဗိုက်အာထွာဆောင်းရိုက်ခြင်း၊ သားအိမ်တွင်းမှန်ပြောင်းကြည့်ခြင်း၊ ဆေးဓာတ်မှန်ရိုက်ခြင်းများဖြင့် သိရှိနိုင်ပါတယ်။ သားအိမ်အလုံးရှိရက်နဲ့ ရောဂါလက္ခဏာလည်းမပြ၊ အရွယ်လည်း ထပ်ကြီးမလာရင် ကုသမှုမယူဘဲ စောင့်ကြည့်ထားနိုင်ပါတယ်။
ကင်ဆာမဟုတ်တဲ့အတွက် အခြားကိုယ်တွင်းအင်္ဂါများကို ပျံ့နှံ့ခြင်းများ မရှိပါဘူး။ သွေးဆုံးချိန်ရောက်လို့ သွေးတွင်း “မ”ဟော်မုန်းကျဆင်းသွားတဲ့အခါ အလိုလို သေးရှုံ့သွားတာလည်း ဖြစ်နိုင်ပါတယ်။ လိုအပ်လာရင်တော့ အသားလုံးရှုံ့သွားစေတဲ့ ဟော်မုန်းဆေးများ၊ သွေးတိတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများသောက်ခြင်းအပြင် ခွဲစိတ်ခြင်း၊ သားအိမ်ထုတ်ခြင်းများဖြင့် ကုသနိုင်ပါတယ်။ သားအိမ်ထုတ် ကုသထားတာမျိုးမဟုတ်ဘူးဆိုရင်တော့ နောက်တစ်ကြိမ်လည်း သားအိမ်အသားလုံးပြန်ဖြစ်နိုင်ပါတယ်။
သားအိမ်အသားလုံးဖြစ်ခြင်းဟာ ကာကွယ်လို့တော့မရနိုင်ပေမယ့် ကျန်းမာရေးနဲ့ညီညွတ်သော အစာစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းခြင်းဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
အမျိုးသမီးရောဂါများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့်လည်း ပွင့်လင်းစွာ တိုင်ပင်ကာ အကြံဉာဏ်ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယုမွန်